Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, June 10, 2010

ကျွန်တော်နှင့် အမှတ်တရ အလွဲများ (၁) ရေးပြီးသည့်နောက် ရုရှားနိုင်ငံတွင် ပညာသင်ကြားနေစဉ် တွေ့ကြုံခဲ့ရသမျှတို့ကို မှတ်တမ်းလေးတစ်ခုအဖြစ် အမှတ်တရသိမ်းဆည်းလိုသောကြောင့် အလွဲများ (၂) ကို ဆက်လက်ရေးသားဖြစ်ပါသည်။ ကိုယ်တွေ့အဖြစ်အပျက်များကို အခြေခံ၍ ၀ါသနာအရ ရေးသားထားခြင်းသာ ဖြစ်သောကြောင့် စာအရေးအသား လိုအပ်ချက်များ ၊ အကြောင်းအရာအချက်အလက်များနှင့်ပတ်သက်၍ ဝေဖန် အကြံပေးမှုများကို စောင့်မျှော်လျက်...။

ကျွန်တော်နှင့် အမှတ်တရ အလွဲများ (၂)



အနောက်တောင် တခွင်က ရွာမလို သူမာန်ငြိုးလို့ မိုးရိပ်တွေဆင်လာပြီ ဆိုလျှင်မှဖြင့် သည်ရင်မှာ အလွမ်းတို့ ပို၍ပင်တိုး လာလေရော့ထင့်။ သြော် … ဘာလိုလိုနဲ့ မော်စကိုမိုးတောင် အငြိုးနဲ့ ရွာနေပြီပဲ။ သည်မိုးတွေရွာလျှင်ဖြင့် စိမ်းစိမ်းစိုစို သစ်ပင်သစ်ခက်တို့ကို ယိမ်းခိုကာ ကနွဲ့ကလျနှင့် မိုးရေစက်လေးတွေ လှပနေလိုက်ပုံများ သက်ရှိ ပန်းချီကားတစ်ချပ် အလားပင်။ ၀သန္တပန်းချီကားတစ်ချပ်ကို ခံစားရင်း ကျွန်တော့် မျက်ဝန်းအစုံတွင် အတိတ်၏ ပုံရိပ်များက ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် ကျွန်တော် မာစတာတက်နေစဉ်ကာလ ယခုလို မိုးဖွဲဖွဲအောက်တွင်ပင် မျှော်လင့်ခြင်း အိပ်မက်အချို့ မိုးရေနှင့်အတူ အရည်ပျော် ပျက်စီးခဲ့ရသည် မဟုတ်ပါလား။ ဖိနပ်.. အဖြူရောင်သည်ဖိနပ်များနှင့်
မိုးရေစက်များကိုမြင်လျှင် ဝေဒနာတို့သည် အသစ်တဖန် ပြန်ဖြစ်ရသည်။ မိန်းကလေးများနှင့် ပတ်သက်လျှင် အမြဲတမ်း ကောင်းကျိုးမပေးသော ကျွန်တော်၏ အလွဲများကိုသာ အပြစ်ပုံချရတော့မည် ထင်သည်။

ကျွန်တော်တို့ မာစတာ ဒုတိယနှစ်သို့ ရောက်သောအခါ ရုရှားဘာသာစကား သင်တန်ုးအချိန်များ ပြီးဆုံးပြီဖြစ်သဖြင့် သက်ဆိုင်ရာ speciality အလိုက် department များခွဲ၍ သင်ကြားကြရသည်။ ကျွန်တော်နှင့် ကျွန်တော်တို့၏ ဇာတ်လိုက်ြကီး ဖြစ်သော အခန်းဖော် သူငယ်ချင်းက electric traction ဌာနတွင် တက်ရောက် သင်ကြားရသည်။ စာသင်ခန်းထဲတွင် ကျောင်းသား ၂၅ ယောက်ရှိရာတွင် ကျွန်တော်တို့ မြန်မာ ၂ ယောက်မှအပ ကျန်သူများမှာ ရုရှားလူမျိုးများ ဖြစ်ကြသည်။ စာသင်ချိန်တွင် ဆရာများက လက်ချာခေါ်ရာတွင် အလွန်မြန်သောကြောင့် နိုင်ငံခြားသားများဖြစ်သော ကျွန်တော်တို့နှစ်ယောက်မှာ လက်ကိုမော်တာတပ်၍ ရေးသည့်အလား အသည်းအသန် လိုက်ရေးသော်လည်း မမှီသည်ကများသဖြင့် လက်ချာ စနစ်တကျလိုက်ရေးသော ရုရှားသူငယ်ချင်းများထံမှ စာအုပ်များကို ငှား၍ အားလပ်ချိန်တွင် ပြန်ကူးရလေသည်။ စာကို သေချာလိုက်ရေးသူများ၊ သပ်ရပ်စွာ ရေးမှတ်သူများမှာ များသောအားဖြင့် မိန်းကလေးများသာ ဖြစ်သောကြောင့် ကျွန်တော်တို့မှာ သဘောကောင်းသည့် ကျောင်းသူလေးများထံမှ စာအုပ်များငှားကာ လက်ချာအပေါက်များ ပြန်ဖြည့်ရသည်က များသည်။ ဤအချက်သည်ပင် ယခုဇာတ်လမ်းဖြစ်ပေါ်လာရန် အဓိကအကြောင်းရင်း ဖြစ်ပေသည်။

ကျွန်တော်တို့ အတန်းမှာ electrical power ပိုင်းဖြစ်သောကြောင့် ကျောင်းသူဦးရေ နည်းလှသည်။ တတန်းလုံးတွင် စုစုပေါင်း ၂၅ ယောက်မှာမှ ကျောင်းသူအရေအတွက်မှာ ၆ ယောက်သာရှိသည်။ ပထမဆုံး အတန်းတက်ရသည့် နေ့မှာပင် မေ့မရစရာ အကြောင်းတစ်ခုက ကြုံရပြန်သည်။ အချိန်စာရင်းအရ ကျွန်တော်တို့နှစ်ယောက်မှာ သတ်မှတ်အချိန်ထက် အနည်းငယ်စော၍ အတန်းထဲ ၀င်ထိုင်နေကြပါသည်။ ကျောင်းသားအချို့က ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသော်လည်း မသိချင်ယောင်ဆောင်၍ နှစ်ယောက်သား ခပ်တည်တည်ပင် ထိုင်နေကြသည်။ ဆရာဝင်လာ၍ အတန်းတက်သူများ အမည်စာရင်းခေါ်ရာတွင် ကျွန်တော်တို့အမည် မပါပေ။

သူငယ်ချင်းက “ငါတို့နာမည်လဲ မပါဘူးကွ။ တခုခုတော့ လွဲနေပြီထင်တယ်” ။ “အေးဟ.. ငါတို့ ဒီအတန်းမှာ တက်ရမှာတော့ သေချာတယ်။ အချိန်စာရင်းမှာ သေချာ ကြည့်လာတာကွာ။ မှားစရာတော့ မရှိပါဘူး။” ကျွန်တော်လည်း အားပေးစကား သာပြောရသည် ဒီနှစ်ယောက်ပေါင်းလျှင် လွဲတတ်လွန်း၍ စိတ်ထဲကတော့ ခပ်လန့်လန့်ပင်။ အတန်းခေါ်ချိန်များ ရေးမှတ်ပြီး၍ ဆရာမှ စာစသင်ရာတွင် ကျွန်တော်တို့ကို မကြာခဏ လှမ်း၍ ကြည့်သည်ကို သတိထားမိသည်။ အတန်ကြာသော် ဆရာက မနေနိုင်တော့၍ထင်သည် ကျွန်တော်တို့ကို လှမ်းမေးလေတော့သည်။ “ခင်ဗျားတို့က အတန်းမှားလာကြတာလား မသိဘူး” တဲ့။ နောင်မှသိရသည်မှာ ကျွန်တော်တို့ ဤဌာနသို့ ပြောင်းလာခြင်းကို ဌာနမှူးမှ ဆရာများကို အသိပေးမထားမိ၍ အတန်းခေါ်ချိန်စာရင်းတွင် ကျွန်တော်တို့အမည် မပါရခြင်း ဖြစ်ပေတော့သည်။ စာသင်နှစ်၏ အစကား ကျွန်တော်တို့အား ကျီစားလေပြီ။

ဤသို့ဖြင့် ရက်အတန်ကြာသော် ဌာနအသစ်မှာ ကျွန်တော်တို့ နေသားကျစပြုပြီ ဖြစ်သည်။ အတန်းထဲမှ ကျောင်းသူကျောင်းသားများနှင့်လည်း သူငယ်ချင်းများဖြစ်လာကြပြီး မကြာခဏလည်း မြန်မာပြည်အကြောင်း အင်တာဗျူးခံရသည်။ ကျွန်တော်၏ အင်မတန်ခန့်ငြားလှသော ဥပဓိရုပ်ကိုကြည့်ကာ မြန်မာနိုင်ငံဆိုတာ အိန္ဒိယနှင့်တူတူပဲဟု ထင်မှတ်၍ ကုလားလိုတတ်သလား လာမေးသူများလည်း မနည်းပေ။ အမှတ်မှားမည်စိုး၍ မြေပုံနှင့်တကွ မနည်း ရှင်းပြရသေးသည်။ ဆရာစာသင်စဉ် လိုက်မမီသော စာများကူးရန် အတန်းထဲမှ ကောင်မလေး တစ်ယောက်ထံ နေ့စဉ် ကျွန်တော်က စာအုပ် ဒိုင်ခံငှားကာ စကန်နာနှင့် ဖတ်ထားရသည်။ တစ်ပတ်စာသင်သမျှ စာများထဲမှ လိုက်ရေး၍ မမှီခဲ့သည်များကို စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် မိမိတို့ လက်ချာစာအုပ်များထဲ ပြန်ကူးဖြည့်ရသည်။ ပြီးမှ နားလည်အောင် ပြန်ဖတ်ရသည်။ မာစတာကျောင်းသားဘ၀တွင် အတော်ပင် ရုန်းကန် ကြိုးစားခဲ့ရသည်။

ကျွန်တော်၏ အခန်းဖော်သူငယ်ချင်းမှာကား သူ့ မဒီ၏ အထင်လွဲမှား မုန်းမာန်ပွားမည်ကို အတော်ပင် စိုးရိမ်ဟန်တူသည်။ မိန်းကလေးများထံမှ စာအုပ်ငှားခြင်းအမှုမှာ သူနှင့်မဆိုင်သည့်အလား အေးဆေးလှသည်။ ကျွန်တော်တစ်ယောက်သာ နေ့စဉ်ရက်ဆက် စာအုပ်ငှားခြင်း ၊ ပြန်ပေးခြင်းအမှုတို့ကို ပြုဖန်များသော် စာအုပ်ပိုင်ရှင် ကောင်မလေးနှင့် ကျွန်တော်သည်လည်း အတော်ပင်ရင်းနှီး ခင်မင်လာကြသည်။ သို့ရာတွင် ပြဿနာတစ်ခုကား ကျွန်တော့်နာမည်ကို ရုရှားသံနှင့် မပီမသခေါ်ခြင်းပင်။ ကျွန်တော့်နာမည် အောင်မျိုး ကိုပီသအောင် မခေါ်နိုင်သောအခါ အူမြူး ဟုကြားရသဖြင့် ကျွန်တော့်မှာ “ငါ့ရုပ်က အတော်လေးကို စပ်ဖြီးဖြီး ပျော်မြူးသည့်ပုံ ဖြစ်နေရော့သလား” ဟုပင် တွေးမိလေသည်။ နောက်ပိုင်းတွင် နာမည်ကို ပီသအောင် အတော် သင်ပေးရသည်။

စာသင်နှစ်ကုန်ကာနီး စာမေးပွဲများဖြေဆိုနေစဉ် ထို သူငယ်ချင်းကောင်မလေးမှ ကျွန်တော်တို့ အားသည့်တစ်ရက် မော်စကိုတပတ် လျှောက်လည်ကြရအောင်ဟု ပြောသည်။ ကျွန်တော်ကလည်း နကိုကမှ အားနာတတ်သူ ဖြစ်၇ာ “အင်း.. ဒါဆို ငါတို့ စာမေးပွဲ နောက်ဆုံးဘာသာ ဖြေပြီးရင် သွားကြတာပေါ့” ဟု ပြန်ပြောလိုက်သည်။ စာမေးပွဲပြီးသည့်နေ့တွင် သူမက “ငါတို့ မနက်ဖြန် သွားကြမလား” ဟုမေးသည်။ ကျွန်တော်ကလည်း “အင်း..ကောင်းသားပဲ.. မနက်ဖြန် မနက်ပိုင်းသွားကြတာပေါ့ ။ ဘယ်အချိန်၊ ဘယ်မှာဆုံကြမလဲ” ။ “နင်တို့ အဆောင်နားက မီထရို အ၀င်ပေါက်မှာ ၁၀နာရီစောင့်နေ။ ငါလာခဲ့မယ်” သူမက ပြန်ဖြေသည်။ အဆောင်ပြန်ရောက်သောအခါ သူငယ်ချင်းများကို မနက်ဖြန် သူငယ်ချင်းကောင်မလေးက အပြင်သွားဖို့ခေါ်သဖြင့် သွားရမှာဖြစ်ကြောင်း ပြောပြရာ ကျေးဇူးရှင်များက အချွန်နှင့်မ လေတော့သည်။ “မင်းကို ကောင်မလေးက သံယောဇဉ် တော်တော် ရှိတယ်ထင်တယ်။ တခြားလူတွေကိုမခေါ်ဘဲ မင်းကိုပဲ ခေါ်တာဆိုတော့ တခုခုပဲ” စသဖြင့် အဆင်းဘီးတပ်ပေး ကြလေသည်။

နောက်နေ့မနက် ၉ နာရီခန့်တွင် ကျွန်တော်လည်း ကြီးစွာသောဝီရိယဖြင့် မီထရိုအဆောက်အဦး အ၀င်ပေါက်အနီးရှိ ပန်းဆိုင်တွင် နှင်းဆီတစ်ပွင့်ဝယ်ကာ ပန်းစည်းလေးနှင့် စောင့်နေမိသည်။ ရုရှားနိုင်ငံတွင် မိန်းကလေးများကို ပန်းလက်ဆောင်ပေးရာတွင် အရေအတွက်အလိုက် အဓိပ္ပါယ်သတ်မှတ်သည့် အလေ့အထ တစ်ခုရှိသည်။ ယေဘုယျအားဖြင့် ကိုယ့်ချစ်သူမိန်းကလေးကို ပန်းလက်ဆောင်ပေးရာတွင် တစ်ပွင့်တည်းသော ပန်းကိုပေးလေ့ရှိပြီး သူငယ်ချင်းများ ၊ ဆရာမများကိုတော့ ၃ ပွင့် ၊ ၅ ပွင့် စသည်ဖြင့် မ ဂဏန်း အစဉ်လိုက် တတ်နိုင်သလောက် အရေအတွက်များများတိုးကာ ပန်းစည်းလက်ဆောင် ပေးလေ့ရှိကြသည်။ ကျွန်တော်တည်းဟူသော အူကြောင်ကြား ငနဲမှာကား ၎င်းအရေအတွက် အဓိပ္ပါယ်များကို မသိပါ။ နှင်းဆီပန်းမှာ ဈေးကြီးလွန်းလှသဖြင့် အရေအတွက်နည်းအောင် စဉ်းစားကာ တစ်ပွင့်ထဲ ပေးခြင်းပင်တည်း။ သူမကတော့ မည်သို့မည်ပုံ ထင်မှတ်လေမည်မသိ။ ကျွန်တော်ကတော့ ထိုနှင်းဆီပန်းလေးကိုင်ကာ မီထရိုအပေါက်ဝ၌ ကိုရီးယားဇာတ်ကားများမှ မင်းသားအလား ဂိုက်ပေးကြမ်းကာ သူမအလာကို ရပ်စောင့်နေခဲ့သည်။

၁၀နာရီထိုးကာနီးတွင် သူမ ရောက်လာပါသည်။ “စောင့်နေရတာ ကြာပြီလား။” … ကျွန်တော်လည်း “မကြာသေးပါဘူး.. ရော့.. ဒါ နင့်အတွက်လက်ဆောင်” ဟုဆိုကာ ပန်းစည်းလေးကို ပေးလိုက်ပါသည်။ သူမ၏ မျက်နှာတွင် အံ့သြ၀မ်းသာမှုအပြင် အခြား အမျိုးအမည်မသိသော ခံစားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ “ကျေးဇူးပဲနော်”… တိုးညင်းစွာ လွင့်ပျံ့လာသော အသံကား ချိုသာလှသည်။ သူမ ပန်းစည်းလေးကို မြတ်နိုးစွာ နမ်းရှိုက်သည့်အခိုက် ရင်ဝယ်လှိုက်မော ပီတိဇောအဟုန်တို့ လွှမ်းခြုံလေတော့သည်။ ပထမဆုံးအကြိမ် မိန်းကလေးတစ်ယောက်အား ပန်းလက်ဆောင် ပေးဖူးခြင်းပင်။

“ငါတို့ ဘယ်ကိုစသွားကြမလဲ” …ကျွန်တော်ကပင် တိတ်ဆိတ်မှုကို ဖြိုခွင်းကာ စတင်မေးလိုက်သည်။ သူမက “တိရစ္ဆာန်ရုံကို အရင်သွားတာပေါ့” တဲ့။ အော်.. ကဗျာမဆန်လိုက်လေခြင်း။ အမျိုးများနှင့် မတွေ့တာ ကြာပြီထင်ပါရဲ့.. စိတ်ထဲက ကြိတ်တွေးမိရင်း.. “အင်း.. သွားကြတာပေါ့ဟာ..” ဟု ဆိုကာ မြေအောက်ရထားနှင့် စတင် ထွက်ခွာခဲ့ကြသည်။ ရထားပေါ်တွင် သူမက “ငါ့ဖိနပ်လေးလှလားဟင်” တဲ့။ စကားမရှိစကားရှာ မိန်းကလေးများ ခက်ပါသည်။ “မနေ့ကမှ ၀ယ်လာတာဟ .. သိလား” ထပ်ပြောလေတော့ ကျွန်တော်လဲ မနေသာတော့ပေ။ “အင်း.. ဟုတ်ပါ့။ ငါ အခုမှကြည့်မိတယ် ။ နင့်ဖိနပ် အဖြူရောင်လေးက အရမ်းလှတာပဲ။ ဖြူဖွေး သန့်စင်နေတာပဲနော်။ နင်နဲ့ အရမ်းလိုက်တယ်” ကျွန်တော့်စကားပင် မဆုံးသေး ဘယ်လောက်တောင် ကြွားချင်နေသည်မသိ သူမကဆက်၍ ပြောသည်။ “ဟုတ်တယ်ဟ။ ငါ ဒီဖိနပ်လေးကို ကြိုက်လွန်းလို့ မနည်း ရှာဝယ်ထားရတာ..ဒါတောင် နင်နဲ့ လျှောက်လည်မယ်ဆိုပြီး ဒီနေ့မှ စ၀တ်လာတာနော်..”။ ဒါကြောင့် ထင်ပါရဲ့ သူမလမ်းလျှောက်တာ ခြေထောက်နှင့် ဖိနပ် သိပ်အသားမကျသေးသလိုပင်။ လှချင်တော့လည်း သည်းခံ၍ စီးလာရသည်ထင်ပါ၏။ တိရစ္ဆာန်ရုံ တည်ရှိသည့် ဘူတာသို့ရောက်သော် မြေပေါ်သို့ စက်လှေခါးနှင့် တက်လာစဉ် လှေကားတစ်လျှောက် လူအချို့၏ စပ်စုသည့် အကြည့်တို့နှင့် ရင်ဆိုင်ရသည်။ ပန်းတစ်ပွင့်ကို ကိုင်ထားသည့် ချောမောလှပသည့် မိန်းကလေးတစ်ယောက် ဘေးမှကျွန်တော်။ သူတို့ မည်သို့မည်ပုံ ထင်ကြလေမည်မသိ။ အထင်ခံရနည်းလား .. ဟု ကြိတ်တွေးလိုက်မိသေးသည်။ သူမကတော့ ဘာမှမသိရှာပဲ ပန်းပွင့်လေးကိုသာ အမြတ်တနိုး ငုံ့ကြည့်နေလေသည်။

ဘူတာအပြင်ဘက်ရောက်မှ ဇာတာက တက်လေတော့သည်။ မိုး.. ဟုတ်ပါသည်။ အပြင်မှာ မိုးတွေ သည်းနေလိုက်ပုံများ ခုနက နေခြစ်ခြစ်တောက် ပူနေခဲ့တာ သူမဟုတ်သလို။ မြေအောက် ရထားထဲမှာတုန်းက အပြင်ကို မမြင်ရသဖြင့် မိုးရွာလိမ့်မည် မထင်မိခဲ့။ ယခုမူ ကွက်ကြားမိုးက ကျွန်တော့်နောက်မှ အငြိုးနဲ့များ လိုက်ရွာလေသလား မှတ်ရသည်။ ထီးမယူလာမိသည့် ကိုယ့်ကိုယ်ကို ကြိတ်အပြစ်တင်မိသည်။ မိုးတိတ်အောင် ခဏစောင့်၍ မိုးစဲသည့်အချိန်မှ အပြင်သို့ ထွက်ခဲ့ကြရသည်။ မိုးရေတို့ကြောင့် လမ်းတစ်လျှောက် ရေအိုင်ငယ်လေးများကို သတိထားကာ ရှောင်ကွင်း လာနိုင်ပါသော်လည်း တိရစ္ဆာန်ရုံအ၀င်ဝ လမ်းဖြတ်ကူးရမည့် နေရာတွင်ကား လမ်းပြင်နေသောကြောင့် ဖြစ်ပေါ်နေသည့် ချိုင့်ခွက် ရေအိုင်သည်ကား အတော်ကြီးသည်။ ဘေးပတ်ဝန်းကျင်တွင်လည်း မြေကြီးတချို့ အရည်ပျော်ကာ ဗွက်အိုင်ကဲ့သို့ဖြစ်နေသည်။
ကျွန်တော်တို့ နှစ်ယောက်လည်း စကားတပြောပြောနှင့် လမ်းဖြတ်ကူးကြစဉ် ရုတ်တရက် လမ်းတစ်ဖက်မှာ ကားတစ်စီး အရှိန်ပြင်းစွာ မောင်းနှင်လာသည်။ ကားဖြတ်သွားစဉ် ရေစင်မည်စိုးသဖြင့် သူမအားရုတ်တရက် လှမ်းအဆွဲ မထင်မှတ်သော အဖြစ်အပျက်က ကံဆိုးစွာ ဖြစ်ပေါ်လာသည်။ သူမအမြတ်တနိုးနှင့် မကြာခင်ကမှ ကြွားဝါခဲ့သော ဖိနပ်ဖြူဖြူလေးထက်တွင် ကျွန်တော်၏ ဖိနပ်ရာ ရွှံ့ကွက်ကြီးက hang ten တံဆိပ်အလား ၀ံ့ကြွားစွာ နေရာယူနေလေပြီ။ ကျွန်တော် အတော်လေး ထူပူသွားသည်။ ဘာလုပ်ရမည်မသိ။ ဖိနပ်ကို သုတ်ပေးရအောင်လည်း အနီးအနားတွင် တစ်ရှူးက မရှိ။ သူမ မျက်နှာသည်လည်း ကောင်းကင်မှ ပြိုတော့မည့် မိုးနှင့်အပြိုင် ။

ဤနိုင်ငံမှလူများသည် ဖိနပ်နင်းမိလျှင် စိတ်ဆိုးတတ်ကြသည်ကို ကျွန်တော်အသိ။ ယခုကား တက်နင်းရုံမက သူမ အမြတ်တနိုးထားသည့် ဖိနပ်လေးကိုပါ အရောင်ပြောင်းအောင် လုပ်မိလေခြင်း။ စေတနာမပါသော တိုက်ဆိုင်မှု ဆိုပါသော်လည်း သူမဖိနပ်ကား ပြန်မဖြူ လာနိုင်တော့ပြီ။ “ဟို…ငါလေ နင့်ဖိနပ်ကို မတော်တဆ နင်းမိတာနော်.. ဆောရီးပါဟာ..ဘာလုပ်ပေးရမလဲဟင်” ဘယ်လောက် အူကြောင်ကြောင်နိုင်သည့် စကားလုံးများနည်း။ သူမကား ပြန်မဖြေ။ ဖိနပ်လေးကို ငေးစိုက်ကြည့်ရင်း အကြံခက်နေပုံရသည်။ ကျွန်တော်လည်း ထပ်၍ “နင့်ဖိနပ်ကိုလေ.. ဟို..” ….။ စကားပင်မဆုံးသေး.. “နင် ..အဲဒီဖိနပ်အကြောင်း ခဏခဏ မပြောနဲ့ဟာ.. တင်းနေတယ်” ။ မည်ကဲ့သို့ လုပ်ရပါမည်နည်း။ ကျွန်တော်၏ ပထမဆုံးအကြိမ် မိန်းကလေးတစ်ယောက်နှင့် အပြင်ထွက်၍ လည်ပတ်ခြင်းကား ဤသို့ပင် ကဗျာဆန်လှပါသည်။

သူမကို ဒီကနေ့ ပြောမည်ဟု ကြံထားသမျှ စကားလုံးများ မိုးရေနှင့်အပြိုင် မြေကြီးထဲသို့ စိမ့်ဝင်ကာ ပျောက်ကွယ်ခဲ့ ရပါတော့သည်။ သူမ စိတ်ပြေစေရန် တတ်နိုင်သမျှကြိုးစားရင်း ထိုတစ်နေ့သည်လည်း တိရစ္ဆာန်ရုံမှ အမျိုးများကြားတွင်သာ ကုန်လွန်ခဲ့ရသည်။ ထို့နောက် သူမကို မီထရိုဘူတာသို့ လိုက်ပို့ကာ ဖိနပ်ကိစ္စ ထပ်တောင်းပန်ရသေးသည်။ သူမကလည်း ရုတ်တရက် ရှက်စိတ်ဖြင့် ပူထူသွားသောကြောင့် ပြောမိပြောရာ ပြောခဲ့မိခြင်းဖြစ်ကြောင်း ပြန်လည် တောင်းပန်သည်။ အပြန်အလှန် နှုတ်ဆက်ပြီးသကာလ ကျွန်တော်လည်း မိမိအဆောင်သို့ လမ်းလျှောက်ပြန်ခဲ့လေသည်။ လေးကန်သော ခြေလှမ်းများ၏ သယ်ဆောင်ရာ အပြန်လမ်း တလျှောက်တွင်ကား နေခြစ်ခြစ်တောက် ပူနေလေပြီ။ ကျွန်တော့်မှာကား အလွဲများကို ဖန်တီးလေသည့် မိုးကိုသာ ကျိန်ဆဲမိ ပါတော့သည်။ ခုတော့လည်း သူငယ်ချင်းတွေ ကျောင်းပြီးလို့ ဘယ်ဆီဘယ်ဝယ် ရောက်လေသည်မသိ။ ဘ၀လမ်းတလျှောက် ကြုံတွေ့ခဲ့ရပါသော သူငယ်ချင်းများစွာလည်း သတိရရုံမှတပါး အဆက်အသွယ် မရှိကြပြီ။ သြော်.. သည်မိုးတွေရွာပြီ ဆိုလျှင်ဖြင့် ပြန်ပြောင်းသတိရစရာ အတိတ်မှ အလွဲများနှင့် ကျောင်းသားဘ၀ ပါတကား။


ပြန်လည်စတင်ခြင်း

ဒီဘလော့လေးကို အခြေအနေ အကြောင်းကြောင်းအရ ဆက်မရေးဖြစ်ဘဲ ပစ်ထားရတာ တစ်နှစ်တောင် ကျော်ခဲ့ပြီမို့ အခုအချိန်လေးရတုန်း ရေးဖြစ်တဲ့ ကဗျာ၊ ၀တ္ထုအသစ်လေးတွေနဲ့ ပြန်စလိုက်ပါတယ်။ ဘလော့ကလေးကတော့ သူ့ကိုပစ်ထားတဲ့ သခင်ကို စောင့်စားနေရတာကြာနေပြီမို့ ခပ်စိမ်းစိမ်းတောင် ဖြစ်နေလေရဲ့။း)
အခုဝတ္ထုလေးကတော့ ရုရှားနိုင်ငံမှာ ပညာသင်ကြားနေစဉ်ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ဟာသဆန်ဆန် ပြန်ရေးထားခြင်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးတွေကို ဘ၀အတွက် အမှတ်တရ မှတ်တမ်းလေးအဖြစ် စုဆောင်း သိမ်းဆည်း ထားလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးဖြစ်ပါတယ်။

ကျွန်တော်နှင့် အမှတ်တရ အလွဲများ (၁)



ဘ၀မှာ အသက်တစ်ရာမနေရ အမှုတစ်ရာပွေရ ဆိုတဲ့ စကားက ကျွန်တော့်အတွက်တော့ အတော်ကို မှန်သည်။ မော်စကိုရောက် မြန်မာတစ်ယောက်အနေနဲ့ ကြုံရဆုံရ ဘုံဘ၀မှာဖြင့် ပြသနာပေါင်း သောင်းခြောက်ထောင်။ ကျွန်တော့်လို အငြိမ်မနေ ခြေထောက်ဗွေပါသူအတွက် ပြဿနာဆိုတာ မီးထွန်းရှာစရာမလို မခေါ်ဘဲလာတဲ့ ကြွေးရှင်လိုပဲ ပြေးလို့ကို မလွတ်ချင်။ နကိုကမှ အလွဲများနှင့် ကျွန်တော် သူတပါးနိုင်ငံမှာနေရတာ အလိုလိုမှ အဆင်မပြေချင်တဲ့ကြား ဇာတာများ တက်တဲ့အချိန်ဆိုရင် ကိုရွှေပြဿနာများက ကလူ၏သို့ မြှူ၏သို့။ ယခု အဖြစ်အပျက်သည်လည်း ကျွန်တော်၏ တနေ့တာ အလွဲများစွာထဲမှ ပြန်တွေးမိတိုင်း ရင်ဝယ်လှိုင်းထ ကြိတ်မနိုင်ခဲမရ ဖြစ်ရပါသော အလွဲလေးတစ်ခုပင် ဖြစ်ပါတော့သည်။

ကျွန်တော်တို့ မာစတာတက်စဉ်က တစ်ခုသော ဇွန်လ ၏ နေ့လည်သမယ ကျောင်းချိန်ခဏနားတုန်း အခန်းဖော် သူငယ်ချင်းနှင့် ထမင်းစားအပြန် လမ်းမှာ ရူဗယ် ( ရုရှားသုံးငွေကြေး ) တစ်ထောင်တန် တစ်ရွက် ကောက်ရပါသည်။ ဘိုင်ကျတုန်း နိပ်ပဟ လို့ အပိုင်ကြံကာ နှစ်ယောက်သား ၀မ်းသာအားရ တယောက် တ၀က်ကွတောင် လုပ်လိုက်သေး။ တွက်ရေးကတော့ စက်သူဌေးပင်။ ဤသို့ဖြင့် ညနေ စာသင်ချိန်ပြီးတော့ ကျွန်တော်တို့ ကျောင်းသားအဆောင်နဲ့ မလှမ်းမကမ်းက စူပါမားကတ်လေးတစ်ခုကို ဈေးဝယ်ထွက်ကြပါသည်။ စိတ်ကူးထဲမှာ ဒီညတော့ ကြက်ကင်လေးဘာလေး ဆွဲရလဲ မနည်းဘူး ဆိုတဲ့အတွေးလေးကိုယ်စီနဲ့ ။

အတိုချုံးပြောရလျှင် ဆိုင်တွင် နှစ်ယောက်သား လိုအပ်တာလေးတွေ ၀ယ်နေကြခိုက် သူငယ်ချင်းက “ဟကောင်.. ငါ ဒီနေ့ မျက်ခုံး ခပ်လှုပ်လှုပ်ပဲ.. ဒီပိုက်ဆံက အရင် တစ်ထောင်တန်တွေနဲ့ မတူသလိုပဲဟ။ ကြည့်ပါအုံး” တဲ့။ ကျွန်တော်လည်း ကိုင်ကြည့်ပြီး “အေးဟ။ တမျိုးတော့ တမျိုးပဲ ။ ဟောင်းနေလို့နေမှာပါကွာ။ အတုတော့ မဟုတ်လောက်ပါဘူး။ လာ..စမ်းကြည့်တာပေါ့။ အတုဖြစ်နေရင်လဲ ရဲနဲ့တွေ့ရုံရှိတာပဲ။ ငါတို့လုပ်တာမှ မဟုတ်တာ..အဟီး”။ ပေါ့ပေါ့ပါးပါးပဲတွေးပြီး လိုတာလေးတွေဝယ်။ ကောင်တာက အဖြတ်မှာမှ ပြဿနာ စပါတော့သည်။ ကောင်တာရှိ ဘွားတော်က ကျွန်တော်တို့ တစ်ထောင်တန်ကို အထပ်ထပ်အခါခါ စစ် ၊ ပြူးပြဲကြည့်ပြီးစစ် ၊ မျိုးစုံစစ်နေရင်း ကျွန်တော်တို့ကိုလည်း မသင်္ကာသလို ကွက်ကြည့်ကွက်ကြည့်။ ကျွန်တော်တို့လည်း မျက်နှာပျက်ချင်ချင် ဖြစ်နေလေပြီ။ သူငယ်ချင်းကလည်း “ငါမပြောဘူးလား။ ခုတော့ အတုကြီး ဖြစ်နေပြီထင်တယ်။ ဒုက္ခပဲ။” “အေးပါကွာ။ ခနစောင့်ကြည့်ပါအုံး။” ကျွန်တော်လည်း ဟန်ကိုယ့်ဖို့ ဆိုသလို နည်းနည်းတော့ ဖိန့်ထားရသည် ။ ရင်ထဲမှာတော့ တဒိန်းဒိန်း။ သိပ်မကြာခင် security နှစ်ယောက်ရောက်လာပြီး ယဉ်ယဉ်ကျေးကျေးပင် လူကြီးမင်းတို့နှစ်ယောက် ကျွန်တော်တို့နဲ့ အတူ အနောက်ခန်းကို ခနကြွပါ ဟု လာခေါ်ပါသည်။

ဆိုင်အနောက်ဘက် ရုံးခန်းရောက်၍ ဆိုင်တာဝန်ခံ ဘွားတော်ကြီးတစ်ယောက်နှင့် တွေ့သောအခါ “လာ.. ထိုင်ကြ။ မင်းတို့က ကျောင်းသားတွေမဟုတ်လား။ မင်းတို့ကို မေးစရာရှိတယ်။ ဒီပိုက်ဆံ ဘယ်ကရတာလဲ” “လမ်းသွားရင်း ကောက်ရတာပါ” ။ ဘွားတော်က မဲ့ပြုံးတစ်ချက်ပြုံးရင်း “မင်းတို့တွေ ကလေးကို သွားပြောမှ ယုံလိမ့်မယ်။ အဲလိုဇာတ်လမ်းတွေက ရုပ်ရှင်ထဲမှာပဲရှိတယ်။ မင်းတို့ ဘာသာလုပ်တာမဟုတ်လား ဒီတစ်ထောင်တန်ကို”။ ဟိုက်..ကြံကြီးစည်ရာ။ ဘွားတော်ကတော့ အမှုမကြီး ကြီးအောင်လုပ်နေပြီ။ ကျွန်တော်တို့ နှစ်ယောက်လဲ ဘယ်လိုလုပ်ရမှန်းမသိ။ သူငယ်ချင်းက “ငါတို့တော့ ကွိုင်တက်ပြီဟ။ အဆောင်က ကျောင်းသား ခေါင်းဆောင်နဲ့ နိုင်ငံခြား ကျောင်းသားရေးရာ ဌာနက ဌာနမှူးဆရာမကြီးကို ဖုန်းဆက်မှနဲ့ တူတယ်” ဟု ပြောနေတုန်း ဟိုဘွားတော်က ရဲစခန်းကို စတင် ဖုန်းဆက်နေလေပြီ။ ကျွန်တော်တို့လည်း မတတ်သာတဲ့အဆုံး ဘုရားစာရွတ်ရင်းသာ ထိုင်စောင့်နေရသည်။

ဘွားတော်ဖုန်းဆက်တာ ထိုင်နားထောင်နေတုန်း သူမပြောတဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော့်မှာ ထပြေးမိတော့မလို ဆံပင်များတောင် ထောင်သွားသလားမသိလိုက်ပါ။ သူမ ပြောလိုက်တာက “ဟလို။ ရဲစခန်းက ပါလားရှင်။ ကျွန်မတို့ ဆိုင်မှာ ငွေအတုလုပ်တဲ့ ဂိုဏ်းက ခေါင်းဆောင်နှစ်ယောက် ဖမ်းမိထားပါတယ်။ အဲဒါ အခု အမြန်လာခဲ့ပါ” တဲ့ ။ ကံဆိုးထီးသွားရာ မိုးလိုက်လို့ရွာ၊ မြေနိမ့်ရာ လှံစိုက်လေပြီထင်ပါရဲ့ ။ အဖြစ်က ဆိုးပါ့။ ကျွန်တော့်မျက်စိထဲတွင် နိုင်ငံခြားရုပ်ရှင်ကားတွေထ
ဲက လူဆိုးကို ရဲလိုက်ဖမ်းတဲ့ ဇာတ်ဝင်ခန်းတွေသာ မြင်ယောင် နေမိပါတော့သည်။

သိပ်မကြာခင်မှာပဲ ဥသြသံတ၀ီဝီနဲ့ ရဲကားများလာနေသံကြားရပါပြီ။ မင်္ဂလာရှိလိုက်ပါဘိ။ တခဏအတွင်း သူတို့ ရောက်လာကြသည်။ ဒီအချိန်များ ထပြေးလိုက်ရင်ဖြင့် ပြဿနာ အကြီးအကျယ် တက်ပေတော့မည်။ သေနတ်နှင့်များ ပစ်ဖမ်းလေမလားမသိ။ ကျွန်တော့်သူငယ်ချင်းကတော့ ခုံမှာစိတ်ပျက်လက်ပျက် ထိုင်နေသည်။ တွေးမိတွေးရာ တွေးနေစဉ် ရဲအရာရှိတစ်ယောက် အခန်းထဲဝင်လာကာ သူနဲ့ အတူ ကားဆီသို့ ခေါ်သွားပါသည်။ ဤသို့ဖြင့် ကျွန်တော်တို့နှစ်ယောက် ရဲကားပေါ် အခန့်သား လိုက်ပါ သွားကြပါတော့သည်။ ရဲအရာရှိကား မာဖီးယားဂိုဏ်းခေါင်းဆောင် နှစ်ယောက် ဖမ်းမိလေသည့်အလား ဂုဏ်ယူဝံ့ကြွားလေပြီ။

အလွဲများက ဒီမျှတင်မရပ်သေး။ ရဲစခန်းရောက်ကာမှ ကျောင်းကို ဖုန်းဆက် အကြောင်းကြားပြီး ကယ်ပါယူပါ တစာစာ လုပ်ရသည်။ ကျောင်းမှ ဆရာမနှင့် အဖွဲ့ ရောက်မလာခင် ကျွန်တော်တို့ ထိုင်စောင့်နေစဉ် မြင်ရသည့် မြင်ကွင်းများက အားတက်စရာ။ အချုပ်ခန်းတွင်းမှ အရက်သမား လူထွားကြီး တစ်ကောင်က အချုပ်ခန်းသံတိုင်များကို ခိုတက်ကာ သောင်းကျန်းနေလေရဲ့။ စိတ်ထဲမှာတော့ ငါတို့ကို အဲဒီကောင်ကြီးရှိတဲ့ အခန်းသာ ထည့်လို့ကတော့ သေပြီဆရာ ဟု တွေးနေမိသည်။ ဆရာမနဲ့အဖွဲ့ အမြန်လာခေါ်ပါစေဟု ကြိတ်၍ ဆုတောင်းရုံမှတပါး ဘာမှ မတတ်နိုင်ပြီပဲ။

သိပ်မကြာခင် ရဲတစ်ယောက် လာခေါ်ပြီး ကျွန်တော်တို့အား တစ်ယောက်ချင်း စစ်မေးပါသည်။ ဤတွင် ငိုအားထက် ရယ်အားသန် ဆိုသလို အဖြစ်အပျက်တစ်ခုက ထပ်ပေါ်လာသည်။ ကျွန်တော့် သူငယ်ချင်းကို အခန်းထဲခေါ်ပြီး စစ်ဆေးစဉ်ကတော့ ကျွန်တော် အပြင်မှာနေခဲ့ရသဖြင့် သေချာမသိသော်လည်း ကျွန်တော့်အလှည့် အခန်းထဲဝင်သည့် အခါတွင်မတော့ အထဲမှာ ရဲအရာရှိ တစ်ယောက် အရပ်ဝတ်ဖြင့် ထိုင်နေပြီး ကျွန်တော့်ကိုကြည့်ကာ “ထိုင်ပါ” “မင်းအခု ဘယ် year တက်နေတာလဲ” ။ “ ကျွန်တော်က မာစတာပထမနှစ် တက်နေတာပါ။” ကျွန်တော်လည်း ခပ်တည်တည် ပြန်ဖြေလိုက်သည်။ “အင်း.. မင်းတို့ရောက်တာ မကြာသေးတော့ ဒီနိုင်ငံအကြောင်းသေချာ မသိသေးဘူးထင်တယ်။ ထားလိုက်ပါတော့။ ဒါနဲ့ မင်းဒီပိုက်ဆံကို ကိုယ်တိုင် ကွန်ပျူတာနဲ့ ရိုက်ပြီး ပရင့်အောက်တာလား” ။ ကံများဆိုးချင်တော့ ကျွန်တော်ကလည်း ရုရှားကို ရောက်တာသိပ်မကြာသေး။ ရုရှားစကားကလဲ ယခုလောက် မကျွမ်းကျင်ဆိုတော့ စိတ်ထဲထင်လိုက်တာက ဒီလို။ အနားမှာလဲ စာရွက်တွေ တစ်ထပ်ကြီးတွေ့တော့ “အင်း.. ဒီဘဲတော့ ငါ့ကို ကွန်ပျူတာနဲ့ စာရိုက်တတ်လားလို့ မေးနေတာထင်တယ်။ ငါတို့မြန်မာတွေကိုများ ငတုံးတွေ မှတ်လားမသိဘူး။” ဟု တွေးမိကာ “ရိုက်တတ်တာပေါ့ဗျ၊ ဘာဖြစ်လို့လဲ ခင်ဗျားကို ကူရိုက်ပေးရမလား ” ။ ပြဿနာက ဤတွင် စပါလေတော့သည်။ ထိုသူ သဘောပေါက်သွားသည်က ကျွန်တော် ဒီငွေအတုကို ကိုယ်တိုင် ရိုက်ထုတ်သည့်အပြင် သူ့ကိုပါ သေဖော်ညှိကာ ရိုက်ပေးမည်ဟု လာညှိသည်ဟု ထင်မှတ်သွားလေသည်။ ကျွန်တော်တို့ ဇာတာတက်ပုံက အဲဂလို။ တော်ပါသေးရဲ့ နိုင်ငံခြား ကျောင်းသားရေးရာဌာနမှ ဆရာမကြီးသာ အချိန်မီ ရောက်မလာပါက ကျွန်တော့်အဖြစ်က မတွေးဝံ့စရာ။ ကျောင်းသားခေါင်းဆောင်နှင့် ဆရာမကြီးရောက်လာပြီး “ဒါ ကျွန်မ ကျောင်းသားတွေပါ။ သူတို့က ရိုးရိုးသားသားနဲ့ စာလဲကြိုးစားပါတယ်။” စသဖြင့် အာမခံပြီးလာခေါ်မှ လက်မှတ်ထိုးကာ အောင်မြင်စွာ ဆုတ်ခွာလာ ခဲ့ကြပါတော့သည်။

ဆရာမကြီးပြောလိုက်သည့် စကားတစ်ခွန်းကား မှတ်သားလောက်စရာ “အင်း.. ဆရာမတစ်သက် ရဲစခန်းကို ဒီတစ်ခါပဲလိုက်ပြီး အာမခံပေးဖူးတယ်”တဲ့။ ထိုအချိန်မှစ၍ ကျွန်တော်တို့ တက္ကသိုလ်၏ နိုင်ငံခြား ကျောင်းသားရေးရာဌာနတွင် ကျွန်တော်နှင့် အခန်းဖော်သူငယ်ချင်းတို့၏ အမည်မှာ ယနေ့တိုင် မမေ့နိုင်အောင် ပြောစမှတ်တွင် ကျန်ရစ်ပါတော့သည်။ ကျွန်တော်သည်လည်း ရူဗယ် ၁၀၀၀ တန် စိမ်းစိမ်းလေးများ မြင်မိလေတိုင်း အသည်းအသန် စစ်ဆေးသည့်အကျင့် ယခုတိုင် စွဲမြဲနေပါတော့သည်။ သြော်… အချိန်တွေပြောင်းပေမယ့် ပြန်တွေးမိလေတိုင်း မရယ်ဘဲမနေနိုင်သည့် ကျွန်တော့်အလွဲများပါတကား။



Friday, November 28, 2008

ဆရာ

ကျွန်တော် ခုတလော အင်တာနက် သုံးရတာ သိပ်အဆင်မပြေတာနဲ့ ဘလော့ဂ်ရေးခြင်း အမှုကို မပြုနိုင်အားဘဲ စာကိုသာ ဖိ၍လုပ်နေရပါကြောင်း..း))) အခု ခဏသုံးလို့ ရတုန်းလေး ပို့စ်အသစ်လေး ဘာလေးတင်အုံးမှ လို့ အကြံရတာနဲ့ ဒီကဗျာလေး တစ်ပုဒ်ကို ရေးတင်လိုက်ပါတယ်.. ဒီကဗျာလေးဟာ ကျွန်တော့်ရဲ့ ငယ်ဆရာကို သတိရမိတာနဲ့ ရေးထားတာပါ... ကိုယ်တိုင်ကလဲ ခုချိန်မှာ ဆရာတစ်ပိုင်းလို ဖြစ်နေတော့ ဒီကဗျာလေးက ပိုပြီး အသက်ဝင်လာမယ်လို့ ယူဆပါတယ်.. ခံစားကြည့်ကြပါအုံးနော် ..း)

ဆရာ

ထီးဖြူလို့ ဖိနပ်ပါးလည်း
လဲလှယ်စရာ အသပြာမရှိ
အရောင်လွင့် ပုဆိုးစိမ်းတစ်ထည်
အဖြူမပီသတော့တဲ့ လည်ကတုံးတပတ်နွမ်းနဲ့
ခရောင်းလမ်းမှာဖြတ်လျှောက်ရင်း
ပန်းပျိုးလက်တစ်စုံရဲ့ ရလာဒ်
ပီတိတစ်ဖတ်ကို တမြုံ့မြုံ့ဝါး
အနာဂတ်အသီးအပွင့်များအတွက်
အားသစ်တစ်ဖန်ဖြစ်တည်ခဲ့ပြီ။ ။

Wednesday, November 12, 2008

logo လေးများ၏ ပြောင်းလဲမှု

ဒီနေ့တော့ ပို့စ်အသစ်တင်ဖို့စဉ်းစားရင်းနဲ့ အင်တာနက်မှာ လျှောက်ပြီး မွှေနှောက်ရှာဖွေလိုက်တာ .. ကျွန်တော်တို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် လိုဂိုလေးတွေရဲ့ အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာပုံကို တွေ့တာနဲ့ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်.. (အမှန်ကတော့ ဆားချက်တာပါပဲ..အဟီး. :P )

ဒီပုံလေးတွေမှာ company အလိုက် သူတို့ရဲ့ logo လေးတွေကို အဆင့်ဆင့် ပြောင်းလဲ သုံးစွဲလာကြတာကိုတွေ့ရမှာဖြစ်ပါတယ်..












Monday, November 10, 2008

လေယာဉ်ပျံ

မြန်မာပြည်က အပြန် လေယာဉ်စီးရင်း ပေါ်လာတဲ့ အတွေးလေးတခုကို ကဗျာအဖြစ်ချရေးလိုက်တာပါ... ကျွန်တော်လဲ တစ်ခါတစ်ခါ အဲဒီလို နှလုံးသားမရှိတဲ့ ငှက်တကောင်ဖြစ်လိုက်ချင်မိပါရဲ့......း)


လေယာဉ်ပျံ


တိမ်တွေကိုဖြတ်သန်း
အဝေးဆီကိုမျှော်မှန်းလို့
အားစိုက်ပျံရင်း
မြင့်မားလွန်းတဲ့ တောင်တန်းတွေကို
အပေါ်စီးကကြည့်ကာ
နှလုံးသားမဲ့ ငှက်တစ်ကောင်
မိုးထိအောင် ပျံသန်းဆဲ။





Friday, November 7, 2008

အက်ဆေး (၁)

အချစ် ” ဆိုသည့်အရာကို ကျွန်တော် နားမလည်ချင်တော့ပါ။ ဘ၀တွင် အချစ်နှင့်ပတ်သက်လျှင် ရှုံးနိမ့်ခြင်းများနှင့်သာ ကြုံတွေ့ခဲ့ရသူ တစ်ယောက်အတွက် အချစ်ဆိုသည်မှာ အဓိပ္ပါယ်မရှိတော့ပါ။ တချိန်ကတော့ အချစ်အတွက်နှင့် ရူးသွပ်ခဲ့ဖူးသူများစာရင်းတွင် ကျွန်တော့်နာမည်သည် ထိပ်ဆုံးတွင် ပါဝင်ခဲ့ပေလိမ့်မည်။ ဆောင်းနှင်းပွင့်ဖြူဖြူများပေါ်တွင် သူမ၏ အမည်ကို တမ်းတမ်းတတ ရေးခြစ် ခဲ့ဖူးပါသည်။ သူမနှုတ်ဖျားမှ သမုဒယနွယ်ယှက်သော စကားချိုချိုတို့သည် ကျွန်တော့်အတွက် အားအင်သစ်များ ဖြစ်တည်စေခဲ့ဖူးပါသည်။ ယခုတော့လည်း ဆောင်းနှင်းပွင့်တို့နှင့် အတူ သူမသည်လည်း ကျွန်တော့်ရင်ခွင်ထဲမှ စွန့်ခွာ ထွက်ပြေးခဲ့ပါပြီ။ ကတိမတည်သူဟူ၍လည်း အပြစ် မတင်ရက်တော့ပါ။ အတိတ်၏ ပန်းချီကားတစ်ချပ်သည် ပြန်လည်ဆက်စပ်၍ မရနိုင်တော့လောက်အောင် အသေအချာကို ပြီးဆုံးခဲ့ပြီပဲ။

အချိန်ကာလ အတိုင်းအတာတို့ ကြာမြင့်ခဲ့သော်လည်း အကြောင်းချင်းရာတို့ တိုက်ဆိုင်လေတိုင်း ရင်ထဲမှ ဝေဒနာတို့သည် အသစ်တဖန် ပြန်လည်ဖြစ်တည် ခဲ့သည်သာချည်းပင်။ လွမ်းစရာတို့ကို နာစရာနှင့် ဖြေဖျောက်သင့်သည် ဆိုသော်လည်း အသည်းနှလုံး၏ အနက်ရှိုင်းဆုံးနေရာသို့ မြုပ်ဝင် စူးနစ်ခဲ့ သော ဆူးတစ်ချောင်း၏ ဒဏ်ရာဒဏ်ချက် များကိုကား ပျောက်ကင်းအောင် ကုသ၍ မရနိုင်သေးပါ။ ဘ၀ဆိုသော ခရီးရှည်ကြီးတလျှောက်တွင် သက်ဆုံးတိုင် တူတူလက်တွဲ လျှောက်လှမ်းကြမည်ဟု သန္နိဌာန် ချထားခဲ့ပြီးမှ လမ်းခွဲ ထွက်ခွာသွားသူ တစ်ယောက်အား လွမ်းဆွတ် တသနေရန် မလိုအပ်တော့ပြီ ဟု စိတ်အားတင်းထားသော်လည်း နှလုံးသားက လက်မခံသောအခါ ရင်ဝယ် နွမ်းလျ ပန်းရပါသည်။ထိရှခံစားလွယ်သော ကျွန်တော့်နှလုံးသားကို လည်း အားမလိုအားမရ ဖြစ်မိပါသည်။သူမနှင့် ကျွန်တော် အကြား ကမ္ဘာတွေခြားခဲ့ပါပြီ။ ဘ၀သစ်တွင် ပျော်မွေ့နေသူအား အချိန်ကုန်ခံ၍ လွမ်းဆွေးနေစရာ မလိုမှန်း သိရှိခဲ့ပါပြီ။

သို့သော် ရင်တွင်းမှ ခံစားချက်များကို စကားလုံးများအဖြစ် ပြောင်းလဲကာ ကဗျာများအဖြစ် ဖန်တီးရင်း ရင်တွင်းဖြစ်ကဗျာများ တစ်ပုဒ်ပြီးတစ်ပုဒ် ပေါ်ထွက်လာသောအခါ သူငယ်ချင်းများက အသည်းကွဲသမား တစ်ယောက်အဖြစ် သတ်မှတ်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော် အချစ်ဟူသောအရာနှင့် နောက်တစ်ကြိမ် ထပ်မံ မတွေ့ဆုံလိုတော့ပါ။


ငယ်ငယ်တုန်းက ကလေးတွေအက်ဆေးရေးသလိုပေါ့ .. အဟီးး))) ပျင်းပျင်းနဲ့ ချရေးလိုက်တာ.. ဘာတွေမှန်းတော့မသိ... သည်းခံပြီးသာ ဖတ်ရှုနိုင်ကြပါစေပေါ့း))))

Saturday, October 4, 2008

စုန်ရေ


“အမေ…”
ကျော်အောင် သည်စကားလုံးနှစ်လုံးကို စကြ၀ဠာ အဆုံးတိုင် ကြားအောင် ဟစ်၍ အော်လိုက်ချင်မိသည်။ အမေရယ် သားမိုက် တစ်ယောက် မိဘရဲ့ကျေးဇူးကို သိနားလည်ချိန် မှာတော့ အမေ တစ်ယောက် သည်ကမ္ဘာမြေမှ ဝေးရာဆီသို့ တစ်ကိုယ်တည်း ခရီးနှင်သွားခဲ့ပြီလေ။
ကျော်အောင် သည်အကြောင်းတွေကို ပြန်စဉ်းစားမိတိုင်း သူ့ကိုယ်သူ အပြစ်တင်မဆုံးဖြစ်ရင်း အမေ့အတွက်လဲ ယူကြုံးမရ ဖြစ်မိသည်။ “အမေရယ် … သားအတွက် ကျေးဇူး ဆပ်ခွင့်လေးတောင် မရခဲ့ပါလား ” ကျော်အောင် တစ်ကိုယ်တည်းရေရွတ်ရင်း သူ၏ စိတ်အစဉ်သည် အတိတ်သို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။

အဖေက ကျော်အောင် လူမှန်းသိတတ်စ အရွယ်ကပင် ဆုံးပါးသွားခဲ့သည်။ ငယ်ငယ် ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ခဲ့ရသော အမေသည် တစ်ဦးတည်းသော သားလေးအတွက် ငဲ့ညှာ၍ နောက်အိမ်ထောင် မပြုဘဲ ခင်ပွန်းသည် ရှိစဉ်က နေထိုင်ခဲ့သော အိမ်လေး၌ပင် သားကို အဖော်ပြု၍ နေခဲ့ ရရှာသည်။ အတန်းပညာ မတတ်ခဲ့သော အမေသည် ၀မ်းစာရေး အတွက် နံနက် လင်းသည်နှင့် အကြော်ဗန်းကို ခေါင်းပေါ်ရွက်၍ အရပ်တကာ လှည့်လည်ရောင်းရသည်။ နေ့လည်ပိုင်းတွင်လည်း ရာသီစာ မုန့်ပဲသွားရေစာလေးများကို လိုက်လံ ရောင်းချရင်း သားအမိနှစ်ဦး၏ စားဝတ်နေရေးကို ဖြေရှင်းရသည်။ အမေသည် တစ်ဦးတည်းသော သားလေးဖြစ်သူ ကျော်အောင့် အပေါ် အလွန်အားကိုးခဲ့သည်။ ရှိစုမဲ့စုများ ခြစ်ချုပ်စုပြီး သားကို မဖြစ် ဖြစ်သည့်နည်းဖြင့် ကြိုးစားကာ ကျောင်းထား ပေးရှာသည်။ ကျော်အောင်ကလည်း အလိုက်သိစွာ စာကို ကြိုးစားသည်။ အတန်းထဲတွင် နှစ်စဉ်နှစ်တိုင်း ပထမ၊ ဒုတိယ ၊တတိယ တစ်ခုခုတော့ ရသည်ချည်းဖြစ်၏။ ကျောင်းအားချိန်တွင်လည်း အမေ့ကို ကူညီလုပ်ကိုင်ပေးရင်း အများအမြင်တွင် လိမ္မာရေးခြားရှိသော ကလေးတစ်ယောက်ဖြစ်လာခဲ့သည်။

ဒီလိုနှင့် အချိန်များတရွေ့ရွေ့ ကုန်လွန်ခဲ့ပြီး ကျော်အောင် ပင် ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူး ၅ ဘာသာနှင့် အောင်မြင်ခဲ့သည်။ ထိုစဉ်က အမေ့မှာ ရပ်ကွက်ထဲတွင် ကျော်အောင့်အတွက်နှင့် မျက်နှာပန်းလှခဲ့သည်။ လူတိုင်းကိုလည်း ငါ့သားက ပညာတတ်ကြီးဖြစ်တော့မှာ ဟု ဂုဏ်ယူဝင့်ကြွားစွာပြောတတ်သည်။ ကျော်အောင်သည် ၀ါသနာအရ ဆေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားလိုသော်လည်း အမေ့ကို ငဲ့ညှာ၍ “အမေ.. သား အလုပ်လုပ်ရင်းနဲ့ အဝေးသင်တက္ကသိုလ် ပဲ တက်တော့မယ် ။ အမေလဲ ပင်ပန်းလှပြီ .. သားတစ်လှည့် ပြန်လုပ်ကျွေးဦးမယ်နော် ” ဟု ပြောခဲ့သော်လည်း အမေက “သားရယ် ..ငါ့သားလိမ္မာတာ အမေသိပါတယ် .. ဒါပေမယ့် သားကြိုးစားခဲ့ရတဲ့ ရလဒ်ဖြစ်တဲ့ အမှတ်တွေက နှမျောဖို့ ကောင်းပါတယ် သားရယ်… အမေ အလုပ် လုပ်နိုင်ပါသေးတယ်ကွယ်..ငါ့သားသာ ကျောင်း ဆက်တက်ပါ… ငါ့သားဆရာဝန် ကြီးဖြစ်မှ အမေ့ကို ပြန်ပြီး ဆေးကုပေးပေါ့.. ဟုတ်ပြီလား”
အမေ့ရဲ့တိုက်တွန်းအားပေးမှုကြောင့် ကျော်အောင်တစ်ယောက် ဆေးတက္ကသိုလ်သို့ တက်ရောက်ဖြစ်ခဲ့သည်။ “တနေ့နေ့မှာ အမေ့ကို ပြန်လည်ပြုစု လုပ်ကျွေးနိုင်ရမယ် ”ဟု ဆုံးဖြတ်ထားပြီး စာကို ကြိုးစားသည့်အတွက် နှစ်စဉ်နှစ်တိုင်း ထူးချွန်စွာ အောင်မြင်ခဲ့သည်။ ကျော်အောင် ကျောင်းတက်နေစဉ်အတွင်း အမေသည် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသော စာအုပ်ဖိုးများ ၊ လောကဓံ၏ ရိုက်ခတ်မှုများကို ခါးစည်းခံကာ သားအတွက် မျှော်လင့်ချက်ကြီးစွာဖြင့် အလုပ်ကို ပို၍ကြိုးစားခဲ့သည်။

ကျော်အောင် နောက်ဆုံးနှစ်သို့ရောက်သောအခါ နေပူမရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်ခဲ့ရသော အမေသည် ကျန်းမာရေး သိသိသာသာ ချို့တဲ့ လာခဲ့သည်။ ကျော်အောင်က “အမေရယ်… သားလဲ ကျောင်းပြီးတော့မှာပဲ ..အဲဒီလောက်ကြီးလဲ အလုပ်ကို အရမ်းပင်ပန်းအောင်လုပ်စရာမလိုပါဘူး..ကျန်းမာရေးကိုလဲ ဂရုစိုက်ပါအုံးဗျာ” ဟုဆိုသောအခါ အမေက “မစိုးရိမ်ပါနဲ့သားရယ်..သားသာ စာ ကြိုးစားပါ … သားဖြစ်ချင်တဲ့ ဆရာဝန်ကြီး ဖြစ်အောင်အရင်လုပ်… အဲဒီအခါကျမှ အမေ့ကို တလှည့်ပြန်လုပ်ကျွေးပေါ့.. ဟုတ်ပြီလား.” ဟု ပြန်ပြောလေ့ရှိသည်။ သားသမီးအပေါ်ထားရှိသော မိဘမေတ္တာတရားမှာ ကြီးမားလှသည်။
အမေ ကျော်အောင့်အပေါ်မှာ မျှော်လင့်ချက်ကြီးစွာ ထားရှိခဲ့သလောက် ကျော်အောင်ဘက်မှ ပြန်လည်၍ တုန့်ပြန်မှုမှာ ခါးသီးလှသည်။ တက္ကသိုလ် နောက်ဆုံးနှစ်ရောက်မှ ကျော်အောင်တစ်ယောက် ပြောင်းလဲလာခဲ့သည်။ ရင်နှင့်အမျှ ချစ်ရသည့် ဝေေ၀ တစ်ယောက် သူ့ဘ၀ထဲ တိုးဝင်ခဲ့ပြီကိုး။ နှစ်ကိုယ်တူ ချစ်ကမ္ဘာငယ်လေးတစ်ခု တည်ဆောက်ရန် ကြိုးစားရဦးမည်ပဲ။ အမေ့အကြောင်းကိုတော့ ချစ်သူ အထင်သေးမည်စိုး၍ ဖွင့်မပြောဖြစ်ခဲ့။ ချစ်သူနှင့်ဆိုတော့ ငွေကြေးသုံးစွဲမှုကလည်း ယခင်နှင့်မတူ။ ရံဖန်ရံခါ အမေ့ကို ပင် စာအုပ်ဖိုးဟု လိမ်လည်၍ ပိုက်ဆံတောင်းမိသည်။ အမေကတော့ ဘာမှမသိရှာ။ ငါ့ သားကြီး မကြာ ခင် ဆရာဝန်ကြီးဖြစ်တော့မည် ဟူသော အတွေးနှင့်သာ ပီတိဖြစ်လျက်ရှိသည်။

တစ်နေ့တွင် အတန်းပြီး၍ ဝေေ၀ နှင့် ကန်တင်းတွင် ထိုင်နေစဉ် အကြော်ဗန်းကို ခေါင်းပေါ်ရွက်၍ ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားသော အမေ့ကို ကျော်အောင် တွေ့လိုက်ရသည်။ ခေါင်းနားပန်းကြီး၍ ထူပူသွားသည်။ “ဘုရား..ဘုရား.. ဒီအချိန်သာ ငါ့ကို အမေမြင်သွားရင် ဒုက္ခပဲ.. ပြီးတော့ ဝေေ၀နဲ့ အမေတွေ့သွားလို့မဖြစ်ဘူး” .. ကျော်အောင် တစ်ယောက် အတွေးများနှင့် ယောက်ယက်ခတ်နေစဉ် တိုက်တိုက်ဆိုင်ဆိုင်ပင် ဝေေ၀က “ကိုအောင်..ဝေ အကြော်စားချင်တယ်..ဟိုမှာ ခေါ်လိုက်မယ်နော်..” ကျော်အောင် တားဆီးချိန်မရလိုက်ပါ။ဝေေ၀ က ခေါ်လိုက်ပြီး ဖြစ်သည်။ ဆိုင်ထဲ ၀င်လာသော အမေ့ကို ကြည့်ရင်း ကျော်အောင် နေရာမှ ထွက်ပြေးချင်စိတ်ပေါ်လာသည်။ အမေကတော့ဘာမှမသိရှာ။ သူတို့ထိုင်နေသောခုံဆီသို့ တည့်တည့်လျှောက်လာ ရင်း “ဟင်.. သားလည်း ဒီကိုရောက်နေတာကိုး..ဒါက သားသူငယ်ချင်းလေးလား .. လှလိုက်တာနော်..သမီး ဘာအကြော်စားမလဲ ” အရာရာသည် နောက်ကျသွားခဲ့ပြီ။ ကျော်အောင် စကားတစ်ခွန်းမှ မပြောနိုင်ခင် ဝေေ၀က “ဒါ…ကိုအောင့်အမေလား.. ဝေ့ကို ဒီအကြောင်းတွေ ဘာလို့ ကြိုမပြောထားလဲ” ။ ချစ်သူ၏ အမုန်းမျက်စောင်းများကြားမှာ ကျော်အောင်ထူပူသွားသည်။ “အမေဗျာ… ဒီကိုဘာလို့လာရောင်းရတာလဲ..တကယ်ဆိုရင် ကိုယ့်သားရဲ့ ဂုဏ်သိက္ခာ မကျအောင် ရှောင်ရမှာ .. အခုတော့ဗျာ.. အားလုံး ရှုတ်ကုန်ပြီ ” ကျော်အောင်၏ ဒေါသတကြီး အော်သံကြားမှာ ၀မ်းနည်းခြင်း၊ အားနာခြင်း၊ သိမ်ငယ်ခြင်း၊ အံသြခြင်းတို့ ပေါင်းစပ် ဖြတ်သန်းသွားသော အမေ့မျက်နှာကို ဒီတစ်သက် မေ့ရတော့မည်မဟုတ်ပါ။ သို့သော် အမေက ချက် ချင်းပင် ဘာမှမဖြစ်ဟန်နှင့် “ အေးပါသားရယ်.. အမေက သားကိုတွေ့ချင်တာနဲ့ ဒီဘက်ကို လာမိတာပါ..နောက်ဆို မလာတော့ပါဘူးကွယ်..” ဟုပြောရင်း အကြော်ဗန်းကို ခေါင်းပေါ်ရွက်ကာ ဆိုင်တွင်းမှ အမြန်ထွက်ခွာသွားလေသည်။

ထိုညတွင် ကျော်အောင် အိမ်သို့ အတော်ညဥ့်နက်မှပြန်လာခဲ့သည်။ ထိုအချိန်ထိ အမေ မအိပ်သေး။ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို မီးခိုးတထောင်းထောင်းထအောင်ဖွာလျက် အိမ်ရှေ့တွင်ထိုင်နေသည်။ ကျော်အောင် အမေ့ကို မျက်နှာချင်းမဆိုင်ရဲ။ နေ့လည်ကအဖြစ်အပျက်အတွက် အမေ့ကို အားနာကြောက်ရွံ့နေမိသည်။ အမေကတော့ သူ့ကိုတွေ့သည်နှင့် ဘာမှာမဖြစ်ခဲ့သလိုပင် “သားလေး.. ဘယ်တွေသွားနေတာလဲကွယ်..အမေ့မှာ သားပြန်မလာသေးလို့ စိတ်ပူပြီး အိပ်မရဖြစ်နေတာ.. လာလာ.. ထမင်းရော စားပြီးရဲ့လား” ။ ကျော်အောင် ဘာပြန်ပြောရမှန်းမသိ။ အယောင်ယောင် အမှားမှားနှင့် “သား ဘာမှမဖြစ်ပါဘူးအမေ.. နေမကောင်းချင်သလိုလိုဖြစ်လို့ အိပ်တော့မယ်” ။ အိပ်ယာထဲဝင်ခဲ့သော်လည်း အိပ်၍မပျော်…။ အမေလဲ သူ့နည်းတူပင် အိပ်၍ရမည် မဟုတ်မှန်းသိနေသည်။ အိပ်ယာထဲတွင် လူးလွန့်နေမိရင်း နေ့လည်က အဖြစ်အပျက်ကို ပြန်လည်တွေးနေမိသည်။ “ အမေ အတော်လေး ၀မ်းနည်း သွားမှာပဲ… ငါက မစိတ်မွှန်ပြီး အမေ့ကို ဒေါသတကြီးပြန်ပြောမိတယ်.. ငါအရမ်းမှားသွားပြီ.. ”။

ကျော်အောင် အမေ့ကို တောင်းပန်ရန်ကြိုးစားသည်။ သို့သော် ပါးစပ်က ဖွင့်မပြောရဲ။ ပြီးတော့ ဒီရက်ပိုင်းတွင် သူနှင့် အမေ့ဆက်ဆံရေးမှာ အေးစက်လာခဲ့သည်။ အတတ်နိုင်ဆုံးအမေ့ကို သူရှောင်ဖယ်နေမိသည်။ ကိုယ်က အပြစ်ရှိသူကိုး။ နောက်ပိုင်းနေ့များတွင် အမေ၏ ကျန်းမာရေးအခြေအနေမှာ သိသိသာသာဆိုးရွားလာခဲ့သည်။ အမေ့သည် ညည ဆိုလျှင်လဲ တော်တော်နှင့်မအိပ်။ အဆိုးဆုံးက ဆေးလိပ် ပြန်သောက်ခြင်းပင်။ အစားအသောက်လဲ ပုံမမှန်ဖြစ်ကာ တစတစ ပိန်ချုံးလာသည်။ယခင်က မျှော်လင့်ချက်များစွာဖြင့် တောက်ပနေခဲ့သော အမေ့မျက်ဝန်းအစုံသည် ယခုအခါတွင် ငေးငိုင်ကာ ရီဝေနေခဲ့သည်။ကျော်အောင်လဲ ကိုယ့်အပြစ်နှင့်ကိုယ် အမေ့ကို မျက်နှာချင်းမဆိုင်ရဲ။ ရက်အနည်းငယ်အကြာတွင် ကျော်အောင့်ကျောင်းသို့ အိမ်ဘေးမှ အဒေါ်ကြီးတစ်ယောက် လိုက်လာပြီး “ ကျော်အောင်.. မင်းအမေ ဈေးရောင်းရင်း မူးလဲလို့ .. အခုဆေးရုံမှာ..”တဲ့။
ကျော်အောင် မျက်လုံးများပြာဝေပြီး ကမ္ဘာကြီးချာချာလည်သွားသည်။ သူဆေးရုံသို့လိုက်သွားတော့ အမေသတိမရသေး။ ဦးနှောက်သွေးကြော ပြတ်သွားသည်တဲ့.။ ဆရာဝန်ကြီးက “ မင်း အမေမှာ သွေးတိုးရောဂါအခံရှိရာက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲနေတော့ အခုလိုဖြစ်သွားရတာပဲကွာ… ကိုယ်တို့လဲ ကြိုးစားပြီး ကုသပေးပါတယ်.. ဒါပေမယ့်…” ကျော်အောင် ဆရာဝန်ကြီး၏ အသံကို မကြားရတော့….။ “ အမေ………” ကျော်အောင် အသံကုန်ဟစ်အော်လိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးမိသည်။ “အမေ မရှိတော့ဘူး..အမေရယ် သားမိုက်ရဲ့ မိုက်ပြစ်တွေကို တောင်းပန် ပါရစေအုံး..ဘာလို့များ စောစောစီးစီး ခွဲခွာသွားရတာလဲ အမေရယ် … ” ကျော်အောင် အရူးတစ်ယောက်လို တတွတ်တွတ် ရေရွတ်နေမိသည်။ အမေ့ရုပ်အလောင်း မြေချသည့်နေ့တွင် ကျော်အောင့်အတွက် အပူမီးထပ်၍ တိုးပွားစေတာကတော့ အမေ့မွေ့ယာအောက်မှ မလှမပ မညီညာတဲ့ အမေ့လက်ရေးနဲ့ စာတစ်ကြောင်းပါပဲ.. အဲဒီစာလေးကတော့ .. “ ငါ့သား ဆရာဝန်လောင်းကြီးက ငါ့လို အကြော်သည်ကြီးကို အမေလို့ခေါ်ရမှာ ရှက်ရှာမှာပေါ့လေ”တဲ့ ။ ကျော်အောင့်မှာတော့ ယူကြုံးမရ နောင်တများနဲ့သာ။

သြော်.. လောကတွင် မိဘဟူသည် သားသမီးတို့အပေါ်တွင် အနှိုင်းမဲ့သောမေတ္တာများနှင့် ခြုံလွှမ်းထားတာပါလား။ မိဘမေတ္တာသည် သားသမီးတို့အပေါ်တွင် ကမ္ဘာတည်သရွေ့ မခြောက်မခမ်း အမြဲတမ်း တသမတ်တည်း စီးဆင်းနေဦးမည့် “စုန်ရေ” များပင်ဖြစ်ပါသည်။ မိဘများကို မအိုမီမနာမီ မသေမီမှာ ကျေးဇူးဆပ်နိုင်ကြရန်မှာ သားသမီးတို့၏ တာဝန်သာဖြစ်ပါတော့သည်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရေး ခဲ့ဖူးသော ၀တ္ထုတိုလေးတစ်ပုဒ်ပါ။ မိဘမေတ္တာဖွဲ့ ဇာတ်လမ်းလေးတစ်ခု ရေးချင်စိတ် ပေါ်လာတာနဲ့ အကြမ်းဖျင်းရေးထားပြီး ဘယ်သူ့မှ မပြရဲတာနဲ့ ကျွန်တော့်အခန်း စာအုပ်စင်ရဲ့ ဟိုးအောက်ဆုံးမှာ နှစ်အတော်ကြာ ခိုအောင်းနေခဲ့ရာမှ ဒီတစ်ခေါက်မြန်မာပြည်ပြန်တော့ စာအုပ်တွေ ရှင်းလင်းရေးလုပ်မှ ပြန်ထွက်လာတဲ့ စာမူဟောင်းလေးပါ။ သည်းခံ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။း))